တရုတ်နိုင်ငံ၊ ဘေကျင်းမြို့တွင် ဇွန်လ (၁၄) ရက်နေ့က COVIDရောဂါကူးစက်ထားသူ လူနာအသစ် (၃၆) ဉီးရှိ ကြောင်း၊ လွန်ခဲ့သည့် (၄) ရက်အတွင်း လူနာအသစ် (၅၀) ကျော်တွေ့ရှိထားကြောင်း အတည်ပြုခဲ့ပြီးနောက် အဓိက ဖြစ်ပွားသည့်နေရာများကို ခြုံငုံမိစေရန်နှင့် ရောဂါထိန်းချုပ်နိုင်ရန် စစ်ဆေးမှုများအား လျင်မြန်စွာပြုလုပ်ခြင်းနှင့် တရုတ်နိုင်ငံတွင် နေထိုင်ကြသူများအား တပ်လှန့်နှိုးဆော်ခြင်းများကို ဆက်တိုက်ပြုလုပ်လာလျက်ရှိပါသည်။
ပထမဆုံး ပြည်တွင်း၌ ကူးစက်ခံထားရသူ အသက် (၅၂) နှစ်အရွယ်ရှိလူနာအား ဇွန်လ (၁၁) ရက်နေ့တွင်တွေ့ရှိခဲ့ပြီး ၎င်းမှာ လွန်ခဲ့သည့်နှစ်ပတ်အတွင်း ဘေကျင်း၏ ပြင်ပသို့ သွားရောက်ထားခြင်းမရှိဘဲ၊ ဇွန်လ (၃) ရက်နေ့က Fengtai ရှိ Xinfadi အမည်ရ စိုက်ပျိုးရေးထွက်ကုန်များ၊ အသားနှင့် ပင်လယ်စာများရောင်းချသည့် လက်ကားဈေး သို့သွားရောက်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။ ၎င်းနောက် ဇွန်လ (၁၂) ရက်နေ့တွင် ၎င်းဈေးမှ လုပ်သားများ နှင့် ၎င်းဈေးသို့ မကြာသေးမီက သွားရောက်ထားသူ (၆) ဉီးခန့်တွင် ကိုဗစ်ရောဂါ ဖြစ်ပွားနေကြောင်း အတည်ပြုလာ ကြပါသည်။ ထို့ပြင် လျိုနင်းပြည်နယ်တွင် ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသူ (၂) ဉီးနှင့် ကွမ်တုန်း၊ ချုံချင်းနှင့် ရှန်ဟိုင်းတို့တွင် ပြည်ပမှ ရောဂါကြောင့်ဖြစ်ပွားသူ (၁၉) ဉီးရှိခဲ့သည်ကို တွေ့ရပါသည်။ ရောဂါဖြစ်ပွားသူများအနက် တစ်ဉီးသာ ရောဂါပြင်းထန်ပြီး ကျန်လူနာများ၏ အခြေအနေမှာ ရောဂါပြင်းထန်မှု အသင့်အတင့် သာရှိကြောင်း သိရပါသည်။
ကူးစက်သူများ၏ အများဆုံးဉီးရေမှာ Xinfadi လက်ကားဈေးနှင့် ဆက်စပ်နေကြပြီး၊ ကျန်ကူးစက်ခံထားရသူများမှာ ၎င်းဈေးနှင့် တနည်းနည်းဆက်စပ်နေသည်ကို တွေ့ရသဖြင့် တချို့နေရာများကို ပိတ်ထားခြင်းနှင့် ၎င်းနေရာရှိ လူများ အား အလုံးအရင်းဖြင့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ အဓိကဖြစ်ပွားသည့် နေရာနှင့် အနီးတဝိုက်အား ရောဂါဗေဒဆိုင်ရာစစ်တမ်းကောက်ယူလျက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါသည်။
ထို့ပြင် တရုတ်နိုင်ငံတဝှမ်းလုံးရှိ စိုက်ပျိုးရေးထွက်ကုန်များရောင်းချရာဈေးများ၊ အစားအသောက်ပြင်ဆင်ချက်ပြုတ် သည့်နေရာများနှင့် ဆက်စပ်နေသည့် ထောက်ပို့သယ်ယူပို့ဆောင်မှုအားလုံးတို့တွင် သန့်ရှင်းရေးနှင့် ပိုးသတ်မှုများကို သေချာစွာပြုလုပ်ကြရန် နိုင်ငံတော်ကောင်စီက တိုက်တွန်းထားပါသည်။
လက်ရှိအချိန်တွင် ဘေကျင်းမြို့ရှိ လူနေရပ်ကွက် (၁၁) ခုအား ပြင်ပမှဧည့်သည်များ လာရောက်လည်ပတ်မှုကို ကန့် သတ်ထားပြီး၊ ရောဂါဖြစ်ပွားရာ ဈေးအနီးရှိ အချို့သော မူလတန်းကျောင်းများနှင့် မူကြိုကျောင်းများကို ယာယီပိတ် ထားပါသည်။ ထို့ပြင် ပြည်နယ်တစ်ခုမှ တစ်ခုသို့ သွားရောက်လည်ပတ်သောအုပ်စုလိုက် ခရီးစဉ်များနှင့် အားကစား ပွဲများအားလုံးကို ယာယီရပ်ဆိုင်းထားပါသည်။ Lama ဘုရားကျောင်းကဲ့သို့ လူအများလာရောက်လည်ပတ်လေ့ရှိ သည့် နေရာအချို့အားလည်း ယာယီပြန်လည်ပိတ်ထားပါသည်။
တီရန်ကျင်းနှင့် ဟောဘေပြည်နယ်များ၌ လတ်ဆတ်အစားအစာများ၊ အသားနှင့် ပင်လယ်စာများအပေါ် ပိုမိုတင်း ကြပ်စွာစစ်ဆေးရန်နှင့် ဘေကျင်းရှိ ရောဂါကူးစက်နေသော နေရာများသို့ သွားရောက်ဖူးသူများအား စစ်ဆေးရန် သတိပေးစာထုတ်ပြန်ထားပါသည်။ အချို့ပြည်နယ်များကမူ ဘေကျင်းမှ ပြန်လာသူအားလုံးအား (၁၄) ရက် သီးခြား နေစေ၍ ကျန်းမာ ရေးစစ်ဆေးမှုများပြုလုပ်ရန် ဆောင်ရွက်နေပါသည်။ ကျင်းစုပြည်နယ်ကမူ ကပ်ရောဂါအသစ် ပြန်လည်ဖြစ်ပွားလာမှုကြောင့် မလိုအပ်ဘဲခရီးမသွားကြရန် တိုက်တွန်းလျက်ရှိပါသည်။
တရုတ်နိုင်ငံတဝှမ်းလုံး၌ ဇွန်လ (၁၄) ရက်နေ့တွင် ကိုဗစ်ရောဂါဖြစ်ပွားသူ လူနာ ပေါင်း (၁၂၉) ဉီးအား ကုသပေး လျက်ရှိပြီး ၊ စုစုပေါင်းလူနာ (၈၃,၁၃၂) ဉီးရှိကာ၊ သေဆုံးသူ (၄,၆၃၄) ဉီးရှိဖြစ်ကာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် COVID-19 ရောဂါ ဖြစ်ပွားသူဉီးရေ (၈) သန်းရှိသွားပြီဖြစ်ပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)
ရင်းမြစ်၊ CHINA DAILY (၁၅-၆-၂၀၂၀)